မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ တမံအိလျောမှုအား ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
ပုသိမ် အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ကာကွယ် ထိန်းသိမ်းမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့သည် ယမန်နေ့မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ ရေထိန်းမျှော်စဉ်သို့သွားရောက်၍ မူလနိမ့်မြင့်မှတ် ရေအမှတ် ၃၁၅ ပေ မှ ၃၁၀.၃ ပေသို့ စုစုပေါင်း ၄.၇ပေ တမံရေလျော့ကျမှုအခြေအနေ၊ တမံရေအမြန်ဆုံးလျှော့ချနိုင်ရေးအတွက် တမံရေထုတ်ပြွန်မှ ၄၀၀ ကုဗပေ/စက္ကန့် ရေလျှော့ချမှုအခြေအနေများ၊ တမံအောက်ပိုင်း အိလျောကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် တမံအောက်ခြေဆင်ခြေလျော၏အပြင်ဘက်မှ မြေသားတမံပုံစံ တမံအောက်ခြေထောက်ခြင်းအား မြေတူးစက် (၄) စီး၊ မြေထိုးစက် (၃) စီး၊ မြေသယ်ယာဉ် (၇) စီးတို့ဖြင့် ဆောင်ရွက်နေမှုအခြေအနေများ၊ မြေသားတမံပုံစံ၏ နောက်ဘက်တွင် ရေစစ်ကျောက်ရိုး (Rock Toe) ကို အလျား ၅၅၀ ပေ၊ အောက်ခြေပျမ်းမျှအကျယ် ၂၆ ပေ၊ ထိပ်ဝ အကျယ် ၆ ပေ၊ ပျမ်းမျှအမြင့် ၁၀ ပေ ထည့်သွင်းတည်ဆောက်ရန်အတွက် တည်ဆောက်ရေး လုပ်ငန်းများအား စက်အင်အား၊ လူအင်အားများဖြင့် ဆောင်ရွက်နေမှု အခြေအနေများ၊ အရေးပေါ် ရေပိုလွှဲအား မူလနိမ့်မြင့်မှတ် ရေအမှတ် ၃၂၀ ပေ မှ ၃၀၅ ပေသို့ မြေတူးစက် (၂) စီးဖြင့် နှိမ့်ချ၍ ၅၀၀ ကုဗပေ/စက္ကန့် ထပ်မံလျှော့ချလျက်ရှိသဖြင့် စုစုပေါင်း ၉၀၀ ကုဗပေ/စက္ကန့်လျှော့ချ ဆောင်ရွက်ထားရှိမှုအခြေအနေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့က ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်၊ မြန်အောင်မြို့နယ်၊ ဆီခြံကုန်းကျေးရွာတွင် ပြုလုပ်သည့် မမြရေလှောင်တမံမြေသားတာဘောင်နိမ့်ကျမှုကြောင့် ရေဝင်ရောက်နိုင်သည့်အတွက် ကြိုတင် ရွှေ့ပြောင်းရသည့်ပြည်သူများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်ရိက္ခာများ ထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး “မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ မြေသား တာဘောင် နိမ့်ကျမှုကြောင့် တမံ၏အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်လျက်ရှိပြီး ၎င်းရေများသည် ရေဝါချောင်းမှတစ်ဆင့် မမြချောင်း၊ မမြချောင်းမှတစ်ဆင့် ငဝန်မြစ်အတွင်းသို့ စီးဆင်းသွားမည် ဖြစ်ပါ ကြောင်း၊ လတ်တလော ထိခိုက်ပျက်စီးမှုမရှိသော်လည်း ပြည်သူများအား ဘေးအန္တရာယ်ထိခိုက်မှု မရှိစေရေးအတွက် ရေလွတ်ရာကုန်းမြင့်များသို့ကြိုတင် စီမံရွှေ့ပြောင်းပေးခြင်းဖြစ်ပါကြောင်း၊ တမံတာ အခြေထောက်ခြင်းလုပ်ငန်းများကိုလည်း စက်ယန္တရားများ၊ မြေသယ်ယာဉ်များ၊ လူအင်အားများဖြင့် ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူများကလည်း အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေထိုင်စားသောက်ရေးအတွက်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း” အားပေးပြောကြားပြီး မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာ၊ ဝင်္ကပါကျေးရွာ၊ ညောင်ခုံကျေးရွာတို့မှ ကြိုတင်ရွှေ့ပြောင်းရသည့် ပြည်သူ များကို ဆန်၊ ဆီနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေဝင်ရောက်နိုင်သည့်အတွက် ကြိုတင်ရွှေ့ပြောင်း ရသည့် မျှင်ဝါးတောင်ကျေးရွာမှ ပြည်သူများကို သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး ဆန်၊ ဆီနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ မမြရေလှောင်တမံရှိ တမံအောက်ပိုင်း အိလျောကျမှု ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် တမံရေအမြန်ဆုံးလျှော့ချနိုင်ရေးလုပ်ငန်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ကျွမ်းကျင်ပညာရှင်များ၊ စက်ယန္တရားများ၊ လူအင်အားများဖြင့် အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှ်ိကြောင်း သိရသည်။
လှမင်းထွဋ်
https://t.me/iprdrnd/211969
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #211969
413
- 👍 2
- 👏 1