ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ဟားခါး အောက်တိုဘာ ၁၄
၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက် ညနေ ၂ နာရီတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အမျိုးသမီးရေးရာကြီးကြပ်မှု နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ အပြည်ပြည် ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ တွင် ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၀၉ ခုနှစ် ၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက် အမှတ် ( ၆၄ / ၂၀၀ ) အပေါ်အခြေခံပြီး နှစ်စဉ် အောက်တိုဘာလ ၁၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အဖြစ် သတ်မှတ်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှစ၍ နိုင်ငံတော်အခမ်းအနားတစ်ရပ်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ် ကြောင်း ၊ မြန်မာနိုင်ငံသည် ပထဝီတည်နေရာ ရေမြေအနေအထားအရ ရာသီဥတုနှင့် ဆက်စပ်သည့် သဘာဝဘေးအန္တရာယ်အများဆုံးဖြစ်ပေါ်ခံစားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း ၊ ဘေးအန္တရာယ် များ၏ သဘောသဘာဝအရ ဘေးမဖြစ်ပွားစေရေး တားဆီး၍မရနိုင်သော်လည်း ဘေးအန္တရာယ်များ ၏ သက်ရောက်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန် ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာ ကွယ်ရေးစသည့် နည်းလမ်းများဖြင့် စီမံဆောင်ရွက်ကြပါကြောင်း၊ ချင်းပြည်နယ်အနေဖြင့် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေ၊ တည်မြဲအမိန့်နှင့်အညီ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းထားပြီး ဆပ်ကော်မတီများနှင့် လုပ်ငန်းတာဝန်များသတ်မှတ်ကာ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံသည် စူပါအယ်လ်နီညိုဖြစ်ပေါ်မည်ဟု မိုးလေဝသပညာရှင်များက ကြိုတင်သတိပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှစတင်စို့” နှင့်အညီ အစိုးရအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ရပ်ရွာခေါင်းဆောင်များနှင့် အိမ်ထောင်စုများပါဝင်၍ သဘာဝဘေး အန္တရာယ်လျော့ချရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းကြောင်းဖြင့် အမှာ စကားပြောကြားသည်။
ထို့နောက် ဟားခါးတက္ကသိုလ် ပထဝီဌာနမှ ကထိက ဦးဆလိုင်းကေချာငယ်က ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှစတင်စို့” နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြသည်။
ယင်းနောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာသတင်းစကား Video Message နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Video Clip ပြသသည်။
Post #211979
194