ဒုတိယသမ္မတ ဦးညိုစော ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် အောက်တိုဘာ ၁၃
၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ကျောက်စိမ်းခန်းမ၌ကျင်းပရာ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့သီချင်းဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ယခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့၏ဆောင်ပုဒ်မှာ “Resilience Starts at Home - ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှစတင်စို့” ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်တုံ့ပြန်နိုင်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့တွင် ဘေးဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံ၊ မိသားစုနှင့် လူမှုအသိုက်အဝန်းများကို ဦးစွာတည်ဆောက်ရန် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် နိုင်ငံဖြစ်သဖြင့် ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀)၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ (၂၀၁၃) တို့နှင့်အညီ ဘေးအန္တရာယ်မဖြစ်မီ ကြိုတင်ကာကွယ်ရေးနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် မန္တလေးငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း “ပိုမိုကောင်းမွန်စွာ ပြန်လည်တည်ဆောက်ခြင်း (Build Back Better)” ကို အလေးထားပြီး ငလျင်ဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ တည်ဆောက်နိုင်ရန် Myanmar National Building Code 2025 ကို ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။
သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးကို ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်ပြည့်ဝခြင်းနှင့် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းသည် အရေးပါသည့်အချက်ဖြစ်ကြောင်း၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို တစ်အိမ်ချင်းစီကအစပြု၍ နိုင်ငံတော်အဆင့်ထိ အဆင့်ဆင့်ကြိုးပမ်းတည်ဆောက်သွားရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မှတ်ယူဆောင်ရွက်ကြရန်တိုက်တွန်းကြောင်းပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတက အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများ၊ အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများ၊ သဘာဝဘေးအသိပညာပေး Animation ဗီဒီယိုပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းပြိုင်ပွဲ၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းပြိုင်ပွဲ (မြန်မာ့ရိုးရာပန်းချီ)၊ အခြေခံအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး ကုလသမဂ္ဂသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးရုံးမှပေးပို့သည့် သတင်းစကားရုပ်သံဗီဒီယိုနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုတို့ကို ပြသသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် တက်ရောက်လာသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အသိပညာပေးပြဇာတ်တင်ဆက်မှုကို ကြည့်ရှုအားပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
https://t.me/iprdrnd/211950
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #211950
133