ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ၇-၁၀-၂၀၂၆ ရက်နေ့မှ ၈-၁၀-၂၀၂၆ ရက်နေ့ထိ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်အနှစ်ချုပ်၊ အပိုင်း(၄)
■ မလေးရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခြင်း
မလေးရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲကို မလေးရှားဝန်ကြီးချုပ်အိမ်တော်ရှိ Seri Perdana Complex ၌ နံနက် ၁၀၀၀ နာရီမှ ၁၁၄၀ နာရီထိ ကျင်းပပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ အစိုးရအဖွဲ့ကိုယ်စားလှယ်များ၊ MISIS နှင့် ISIS Malaysia အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ဆွေးနွေးပွဲအား အစီအစဉ်နှစ်ပိုင်းခွဲ၍ ကဏ္ဍ အလိုက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ပထမပိုင်းအစီအစဉ်တွင် မလေးရှားနိုင်ငံမှ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့(ISIS Malaysia)၊ မလေးရှားပြည်ပကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်း(MATRADE)၊ ဝန်ကြီးချုပ်ရုံး သုတေသနဌာနနှင့် မလေးရှားကုန်ထုတ်လုပ်ငန်းရှင်များအသင်းချုပ်(FMM)တို့မှ တာဝန်ရှိသူများက နှစ်နိုင်ငံဆက်ဆံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက် မှုများ တိုးမြှင့်ရေးနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆွေးနွေးခဲ့ကြပါသည်-
■ သံတမန်ရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး။ နှစ်နိုင်ငံ၏ သမိုင်းဝင်ချစ်ကြည်ရေးကို အခြေခံ၍ အစိုးရအချင်းချင်းသာမက စီးပွားရေးလုပ်ငန်း ရှင်များ၊ ပညာရှင်များနှင့် Think Tank အဖွဲ့အစည်းများအကြား ဆက်ဆံရေး တိုးမြှင့်ရန်၊ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးနှင့် ပညာရေး၊ ခရီးသွား လုပ်ငန်း၊ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးတို့တွင် ရေရှည်ပူးပေါင်းဆောင်ရွက်ရန် အလေးထား ပြောကြားခဲ့ပါသည်။
■ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု။ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ သဘာဝ သယံဇာတနှင့် ရှားပါးမြေဒြပ်စင်များကို မလေးရှားနိုင်ငံ၏ ထုတ်လုပ်မှုနည်းပညာများနှင့် ပေါင်းစပ်၍ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ရေး၊ စွမ်းအင်၊ Halal စားသောက်ကုန်၊ ကျန်းမာရေးဝန်ဆောင်မှု၊ ဆေးဝါး၊ အခြေခံအဆောက်အအုံ၊ ဆောက်လုပ်ရေးနှင့် အစိမ်းရောင်နည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေး ဆွေးနွေးခဲ့ပါသည်။
■ လုံခြုံရေးနှင့် အလုပ်သမားရေးရာ။ ကာကွယ်ရေးသံတမန်ရေးရာ၊ ရေကြောင်း လုံခြုံရေး၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ ပူးပေါင်းတိုက်ဖျက်ရေး၊ သဘာဝဘေး အန္တရာယ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှု ဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပါသည်။
■ ဒေသတွင်းစီးပွားရေးနှင့် ဒီဂျစ်တယ်နည်းပညာ။ ကုန်သွယ်ရေးလုပ်ထုံးလုပ်နည်းများ ရိုးရှင်းမြန်ဆန်စေရေး၊ ဒီဂျစ်တယ်စနစ်အသုံးပြုမှု တိုးမြှင့်ရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ အာဆီယံဒေသတွင်း ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များ ခိုင်မာစေရေးနှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအကြား လက်တွေ့အကျိုးဖြစ်ထွန်းမည့် ရေရှည် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရေး တိုက်တွန်းဆွေးနွေးခဲ့ပါသည်။
ဒုတိယပိုင်းအစီအစဉ်တွင် ISIS Malaysia နှင့် MISIS ဥက္ကဋ္ဌတို့မှ အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံသမ္မတနှင့် မလေးရှားဝန်ကြီးချုပ်တို့က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်-
■ မြန်မာနိုင်ငံတော်သမ္မတ၏ ဆွေးနွေးမှုအကျဉ်း။ နှစ်နိုင်ငံဆက်ဆံရေးကို အစိုးရအချင်းချင်း သာမက စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် Think Tank အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံကုန်သွယ်မှု ကွာဟချက် လျှော့ချရေးအတွက် လယ်ယာ/ရေထွက်ကုန်နှင့် ရာဘာတို့ကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်တင်ပို့ရေး၊ နှစ်နိုင်ငံ၏ ပထဝီဝင်အားသာချက်များကို အသုံးချ၍ ဒေသတွင်းကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ထောက်ပံ့ရေးကွင်းဆက်များ ချိတ်ဆက်မှုမြှင့်တင်ရေးတို့ကို အလေးထားပြောကြားခဲ့ပါသည်။ ထို့အပြင် နှစ်နိုင်ငံ Think Tank အဖွဲ့တို့အကြား ဆက်ဆံရေးမြှင့်တင်ပြီး မူဝါဒဆိုင်ရာဆွေးနွေးပွဲများ၊ ပူးတွဲသုတေသနလုပ်ငန်းများ နှင့် လူငယ်ပညာရှင်၊ သုတေသီများ အပြန်အလှန်ဖလှယ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းဆွေးနွေးခဲ့ပါသည်။
■ မလေးရှားနိုင်ငံဝန်ကြီးချုပ်၏ ဆွေးနွေးမှုအကျဉ်း။ သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများမှ ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား စီးပွားရေး၊ နိုင်ငံခြားရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ လူသားချင်းစာနာ ထောက်ထားမှု၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ရှာဖွေကယ်ဆယ်ရေး ကဏ္ဍများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးတို့ကို အလေးထား ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးမှုများနှင့် Think Tank အဖွဲ့အစည်းများ၏ အကြံပြုချက်များကို အခြေခံ၍ အကျိုးစီးပွားတူညီသည့် နယ်ပယ် များတွင် လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖော်ဆောင် သွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
Post #4105
806

- ❤ 11
- 👍 2
- 🥰 1
- 💯 1