ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ၇-၁၀-၂၀၂၆ ရက်နေ့မှ ၈-၁၀-၂၀၂၆ ရက်နေ့ထိ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်အနှစ်ချုပ်၊ အပိုင်း(၅)
■ နိုင်ငံတော်သမ္မတ၏ခရီးစဉ်အပေါ် မလေးရှားဝန်ကြီးချုပ်၏ အလေးထားမှု
မလေးရှားဝန်ကြီးချုပ်၏လူမှုကွန်ရက် Facebook အကောင့်တွင် ခရီးစဉ်နှင့်ပတ်သက်၍ ကဏ္ဍ အလိုက်သတင်း ၆ ပုဒ်အထိ အချိန်နှင့်တပြေးညီ ရေးသားဖော်ပြထားပြီး အကြောင်းအရာ တစ်ခုချင်းစီအလိုက် အကျဉ်းချုပ်၍ အောက်ပါခေါင်းစဉ်များဖြင့် ရေးသားထားသည်ကို တွေ့ရှိရပါသည်-
■ မြန်မာ–မလေးရှား နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံ၍ မြန်မာဒုက္ခသည်များ နေရပ် ပြန်ရေး ဆွေးနွေး။
■ မြန်မာ–မလေးရှား နှစ်နိုင်ငံဆက်ဆံရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး။
■ မြန်မာ–မလေးရှား နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်။
■ မြန်မာ–မလေးရှား ပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့အကောင်အထည်ဖော်ရေး မလေးရှားဝန်ကြီးချုပ် အလေးထားပြောကြား။
■ မြန်မာ–မလေးရှား ချစ်ကြည်ရေးခရီးစဉ်အတွင်း တရားဝင်နေ့လယ်စာစားပွဲသို့ တက်ရောက်ခြင်း။
■ မလေးရှားဝန်ကြီးချုပ်သည် သတင်းမီဒီယာကို အစိုးရ၏ မူဝါဒ၊ သံတမန်ရေးဆောင်ရွက်မှုများအား ပြည်သူများထံ စဉ်ဆက်မပြတ် အသိပေးနိုင်သည့် အရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုလျက်ရှိပါသည်။ မြန်မာ–မလေးရှား နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံမှုတွင်လည်း တရားဝင်ကြိုဆိုခြင်းမှ စတင်၍ သီးသန့်ဆွေးနွေးမှု၊ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့အစည်းအဝေး၊ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ၊ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲနှင့် တရားဝင်ဧည့်ခံမှုများအထိ အစီအစဉ်အလိုက် Facebook ပို့စ်များ၊ ဓာတ်ပုံများနှင့် Live Video များဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် မလေးရှားဝန်ကြီးချုပ်အနေဖြင့် သတင်းမီဒီယာများကို အစိုးရနှင့် ပြည်သူအကြား အရေးပါသည့် ဆက်သွယ်ရေးတံတားတစ်ခုအဖြစ် သဘောထားရှိပြီး သတင်းမီဒီယာများကို အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများအား ပြည်သူများသိရှိစေရန် အသိပေးသည့် ဆက်သွယ်ရေး ကိရိယာတစ်ခုအဖြစ်သာမက အစိုးရ၏ မူဝါဒများကို ရှင်းလင်းတင်ပြရန်၊ နိုင်ငံရေးနှင့် သံတမန်ရေးဆိုင်ရာ ရပ်တည်ချက်များကို ဖော်ပြရန်၊ ပြည်သူများ၏ ယုံကြည်မှုရရှိရန်နှင့် နိုင်ငံတကာတွင် ခေါင်းဆောင်မှုပုံရိပ် တည်ဆောက်ရန်အတွက် အသုံးပြုလျက်ရှိပါသည်။
■ အနှစ်ချုပ်တွေ့ရှိချက်
■ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့်ပတ်သက်၍ မြန်မာ–မလေးရှား နှစ်နိုင်ငံဆက်ဆံရေးကို အစိုးရအချင်းချင်းသာမက စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် Think Tank အဖွဲ့အစည်းများအကြားပါ တိုးမြှင့်ရန်၊ သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်အစီအစဉ်များ ဆောင်ရွက်ရန်နှင့် Think Tank တို့မှတစ်ဆင့် မူဝါဒဆွေးနွေးမှု၊ ပူးတွဲသုတေသနနှင့် ပညာရှင်ဖလှယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရန် ဆွေးနွေးနိုင်ခဲ့ပါသည်။
■ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် တန်ဖိုးမြှင့်ထုတ်လုပ်မှု တိုးချဲ့ရေးနှင့်ပတ်သက်၍ မြန်မာ နိုင်ငံ၏ လယ်ယာ/ရေထွက်ကုန်နှင့် သယံဇာတများကို မလေးရှားနိုင်ငံ၏ နည်းပညာဖြင့်ပေါင်းစပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရေး၊ စားအုန်းဆီ၊ စက်မှုကုန်ထုတ်လုပ်ရေး၊ ဆိပ်ကမ်း၊ Logistics၊ Automation နှင့် Renewable Energy ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ဒေသတွင်း Supply Chain ချိတ်ဆက်မှု မြှင့်တင်ရန်လည်း အလေးထားဆွေးနွေးခဲ့ပါသည်။
■ လုံခြုံရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် အလုပ်သမားရေးရာ ပူးပေါင်းဖြေရှင်းရေးနှင့် ပတ်သက်၍ အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုခင်းများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်ရေး၊ မလေးရှားရောက် မြန်မာအလုပ်သမားများ၏ အခွင့် အရေးနှင့် လုပ်ငန်းခွင်လုံခြုံရေး ကာကွယ်စောင့်ရှောက်ရေး၊ တရားဝင်အလုပ်သမား ရွှေ့ပြောင်း သွားလာမှု စနစ်တကျဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံသားများ နေရပ်ပြန်လည် ပို့ဆောင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။
■ အာဆီယံ၊ ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်၊ 5PC နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး မလေးရှားဝန်ကြီးချုပ်က အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ၊ အရပ်သားများအား ကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်း စာနာမှုအကူအညီများ ဘေးကင်းစွာရောက်ရှိရေးနှင့် ဒုက္ခသည်များ မိမိဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးတို့ကို အလေးထားပြောကြားခဲ့ပါသည်။ ခရီးစဉ်တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပြန်လည်မြှင့်တင်ခြင်း၊ စီးပွားရေးနှင့် နည်းပညာပူးပေါင်းမှု တိုးချဲ့ခြင်း၊ လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာပြဿနာများ ပူးပေါင်း ဖြေရှင်းခြင်းတို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။
Post #4106
2.12K

- ❤ 16
- 👍 4
- 💯 1