ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်
စစ်တွေ အောက်တိုဘာ ၁၃
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ယနေ့ကျင်းပသော အခမ်းအနားသည် အပြည်ပြည်ဆိုင်ရာသဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction-IDDRR) အထိမ်းအမှတ်အခမ်းအနားဖြစ်ကြောင်း၊ ကမ္ဘာ့တစ်ဝန်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေကို လူတိုင်းသတိပြုမိစေရေး၊ သဘာဝဘေး ကြိုတင်ပြင်ဆင်ရေးအတွက် အလေ့အကျင့်ကောင်းများဖြစ်ထွန်းရေး၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး ထိန်းသိမ်းစောင့်ရှောက်လိုသည့်စိတ်ဓာတ်နှင့် ယဉ်ကျေးမှုများ လူအဖွဲ့အစည်းများကြားတွင် ပိုမိုကျယ်ပြန့်စွာရောက်ရှိစေရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ်က “ဘေးဒဏ် ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှစတင်စို့” “Resilience Starts at Home” ဖြစ်ကြောင်း၊ ထို့ကြောင့် စံသတ်မှတ်ချက်များနှင့် မကိုက်ညီသော စရိတ်သက်သာသည့် ပစ္စည်းများနှင့် ဆောက်လုပ်ထားသော နေအိမ်များသည် ဘေးအန္တရာယ်ကျရောက်သောအခါ ပျက်စီးသွားနိုင်ပြီး ပြန်လည်တည်ဆောက်သည့်အခါ ကုန်ကျစရိတ်ကို ပိုမိုမြင့်မားစေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ဘဏ္ဍာငွေကြေးများစွာ သုံးစွဲရပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် နှောင့်နှေးကြန့်ကြာစေကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်လာသောသဘာဝဘေးအန္တရာယ်များကို ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်အာင် ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုယန္တရား၏ အဓိကမောင်းနှင်အားဖြစ်သည့် နိုင်ငံဝန်ထမ်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ စွမ်းရည်ပြည့်ဝရေး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများအတွက် အရင်းအမြစ်များ၊ အရင်းအနှီးများကိုလုံလောက်စွာရရှိထားရန် အားထုတ်ကြိုးပမ်းရမည်ဖြစ်သည့်အပြင် ရခိုင်ပြည်နယ်အတွင်း ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် လူမှုအသိုက်အဝန်းတစ်ခုပေါ်ပေါက်လာစေရန် အစိုးရဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ NGO/INGOs များနှင့် ဒေသခံပြည်သူများအားလုံးဝိုင်းဝန်းပူးပေါင်း၍ ယခုနှစ်ဆောင်ပုဒ်အတိုင်း “ဘေးဒဏ် ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှစတင်စို့”ဟု တိုက်တွန်းပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် ကုလသမဂ္ဂဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးရုံး၏ သဝဏ်လွှာသတင်းစကား Video Clip အားပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် Video Clip အားပြသသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြပြီး ခန်းမအတွင်းရှိ အပြည်ပြည်ဆိုင်ရာသဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး
https://t.me/iprdrnd/211894
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #211894
117
- 👍 1