တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ကျင်းပပြီးစီး
မကွေး အောက်တိုဘာ ၁၆
တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ပဥ္စမနေ့)ကို အောက်တိုဘာ ၁၅ရက်၊ နံနက်၁၀နာရီက မကွေးမြို့ရှိ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ညို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကြယ်ပွင့်ပြ မေးခွန်း(၁၁)ခုကို မေးမြန်းဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက တတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ပဥ္စမနေ့) စတင်ကျင်းပကြောင်းနှင့် အစည်းအဝေးအထမြောက်ကြောင်းကြေညာသည်။ ယင်းနောက် တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ပဥ္စမနေ့)သို့ မတက်ရောက်နိုင်သည့် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားကာ ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်တွင် အတည်ပြုမှတ်တမ်းတင်သည်။
ဆက်လက်၍ တက်ရောက်လာသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကြယ်ပွင့်ပြမေးခွန်း(၁၁)ခုကို မေးမြန်းရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာအပေါ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစန်းလွင်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်က သဘောတူလက်ခံရန် ပြည်သူ့ငွေစာရင်းကော်မတီက အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏အတည်ပြုချက်ကိုရယူရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်း ကြေညာသည်။ ယင်းနောက် တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကာလအတွင်း ဆောင်ရွက်ချက်များကို မှတ်တမ်းတင်ထားရှိရန် လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီသည့်အတွက် အတည်ပြုမှတ်တမ်းတင်ထားရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။ တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၂၁)ဦးက ပြည်သူများကိုယ်စား ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်း (၇၃)ခုနှင့် ကြယ်ပွင့်မပြမေးခွန်း (၅)ခုတို့ကို မေးမြန်း၍ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ကဏ္ဍအလိုက်ပြန်လည်ဖြေကြားခဲ့ကြပြီး အဆိုတင်သွင်း ခြင်း(၂)ခု၊ ဆုံးဖြတ်ခြင်း(၂)ခု၊ မှတ်တမ်းတင်ခြင်း(၂)ခု၊ ရေးရာကော်မတီအတည်ပြုခြင်း(၂)ခုတို့ကို တင်သွင်းဆွေးနွေး အတည်ပြုနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ကိုရဲ (ပြန်/ဆက်)
https://t.me/iprdrnd/212277
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #212277
266
- 👍 3