NCA ရဲ့ အနှစ်သာရကတော့ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ကို အခြေခံပြီးတော့မှ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်ခွင့်တို့ကို အာမခံတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်ဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်သူအားလုံးအနေနဲ့ ရှိပြီးသားကတိကဝတ်တွေကို အလေးထားလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။
NCA ဟာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် တစ်ခုသာမဟုတ်ဘဲ လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာဖို့ ချမှတ်ထားတဲ့ လုပ်ငန်းမူဘောင်လည်းဖြစ်ပါတယ်။ ဒါကြောင့်ရှိပြီးသား NCA သဘောတူညီချက်တွေကနေ သွေဖည်ခြင်းမရှိဘဲ NCA လမ်းကြောင်းကို ဆက်လက်အကောင်အထည်ဖော်သွားကြဖို့ လိုအပ်ပါတယ်။ ဘယ်လောက်ပဲ ကြီးမားတဲ့ပြဿနာတွေဖြစ်ပါစေ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာနိုင်မယ်ဆိုရင် ပဋိပက္ခတွေကိုလျှော့ချနိုင်မှာလည်းဖြစ်ပါတယ်။ သဘောထားကွဲလွဲမှု၊ သံသယနဲ့မယုံကြည်မှုတွေရှိနေရင်တောင် ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ တွေ့ဆုံညှိနှိုင်းမှုကို လက်ခံကျင့်သုံးကြမယ်ဆိုရင် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျာ
ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ဖို့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ညှိနှိုင်းရေးကော်မတီတို့ကို ပြင်ဆင်ဖွဲ့စည်းထားပြီး ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် ဗဟိုကော်မတီရဲ့ကြေညာချက်အမှတ် ၁/ ၂၀၂၆ ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ကြိုတင်ကန့်သတ်ချက်မထားတဲ့ ဆွေးနွေးပွဲတွေကျင်းပနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေသာမက လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ငါးနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ခဲ့တဲ့ KNU ၊ CNF နဲ့ABSDF အဖွဲ့တို့ကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ကြဖို့ ထပ်မံဖိတ်ခေါ်လိုပါတယ်။
အလားတူ PDF အမည်ခံအဖွဲ့များအနေနဲ့လည်း နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကိုရှေးရှုပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီမိုကရေစီကို လိုချင်တယ်ဆိုရင် စည်းကမ်းရှိတဲ့ဒီမိုကရေစီ၊ အကြမ်းမဖက်တဲ့ လုပ်ရပ်များနဲ့သာသွားရမှာဖြစ်ပါတယ်။ စဉ်းစားဆင်ခြင်ပြီးလုပ်ကြစေလိုပါတယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုမရှိဘဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိရောက်စွာဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး။ ရှေ့ကဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမယ့် နောက်ကအဖျက်လုပ်ငန်းတွေ ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် “သမင်မွေးရင်း၊ ကျားစားရင်း” ဆိုသလို ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မိမိတို့ဖြစ်ချင်တာတွေကိုသာ ဦးစားပေးတောင်းဆိုနေမယ့်အစား ဖြစ်သင့်ဖြစ်ထိုက်တာနဲ့ ဖြစ်နိုင်တာတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။
ယခင်ကာလတွေမှာလည်း NCA နှစ်ပတ်လည်နေ့အခမ်းအနားတွေ၊ ငြိမ်းချမ်းရေးစကားဝိုင်းတွေ၊ ငြိမ်းချမ်းရေးဖိုရမ်တွေနဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်တွေကို ကျင်းပခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံညှိနှိုင်း သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ဖြည့်စွက်သင့်တဲ့ အချက် ၄၃ ချက်အပြင် ယခင်အစိုးရနှစ်ဆက်လက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးသဘောတူခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း ၁ ၊ ၂ နဲ့ ၃ တို့လည်းရှိပါတယ်။ အဲ့ဒီသဘောတူညီချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးအတည်ပြုပြီး အပိုင်းလိုက် အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။
NCA မှာ လက်မှတ်ရေးထိုးဖို့ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆက်လက်ဖိတ်ခေါ်ညှိနှိုင်းသွားမှာလည်းဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံး ဒီမိုကရေစီအခွင့်အရေးတွေကို ပြည့်ပြည့်ဝဝ ခံစားနိုင်ရေးနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် အတူတကွ လျှောက်လှမ်းနိုင်ရေးဟာ အရေးကြီးပါတယ်။
Post #212229
78