ဆက်လက်၍ နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် မိမိတို့အစိုးရအနေဖြင့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်ရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်သွားရန်တို့ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးသည်လည်း ပါဝင်လာရမည်ဖြစ်ပြီး ဖြစ်လိုသည်များထက် ဖြစ်သင့်ဖြစ်ထိုက်သည်များကို တောင်းဆိုသွားကြရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန်နှင့် ပညာတတ်များပေါကြွယ်ဝရန် အဓိကလိုအပ်ကြောင်း၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ကြရာတွင် အဆင့်မြင့်ပညာအရည်အချင်းနှင့် အသက်မွေးဝမ်းကျောင်းပညာများ တတ်မြောက်သည့် ပညာရှင်များစွာကိုလိုအပ်ကြောင်း၊ အတန်းပညာမြင့်မားလာသည်နှင့်အမျှ စာပေများဖတ်ရှုလာနိုင်ပြီး စာဖတ်မှသာလျှင် အသိပညာဗဟုသုတနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်း၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းတို့ တိုးတက်လာမည်ဖြစ်ကြောင်း၊ စဉ်စားဆင်ခြင်ဉာဏ်ရှိသူများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးကိုလိုလားကြပြီး စဉ်းစားဆင်ခြင်ဉာဏ်မရှိသူများအနေဖြင့် လက်နက်ကိုင်အကြမ်းဖက်သည့် လမ်းစဉ်ဖြင့် အကြမ်းဖက်မှုများကို လုပ်ဆောင်ကာ မိမိတို့ဒေသ၊ လူမျိုးဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးနေကြကြောင်း၊ နိုင်ငံ့အနာဂတ်အတွက်အရေးကြီးသည့် ပညာရေးအခြေခံအဆောက်အဦများကိုလည်း ဖျက်ဆီးခဲ့ကြသဖြင့် အချို့သောဒေသများတွင် ကျောင်းများပိတ်ထားကြရကြောင်း၊ ပညာတတ်များပေါကြွယ်မှသာလျင် ဒေသ၏လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဒေသအလိုက် ပညာတတ်များ များပြားလာအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ခိုင်ခိုင်မာမာဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက် အခမ်းအနားသို့ ပေးပို့ပြောကြားခဲ့သည့် မိန့်ခွန်းတွင်လည်း မိမိတို့နိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ရောယှက်နေထိုင်ကြပြီး ဥပမာအားဖြင့် ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုး ၃၅ ရာခိုင်နှုန်းကျော်သာနေထိုင်လျက်ရှိပြီး ကချင်ပြည်နယ်တွင်လည်း ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းသာ နေထိုင်လျက်ရှိသည်ကို ဥပမာထား၍ ထည့်သွင်းပြောကြားခဲ့ကြောင်း၊ ပြည်နယ်တစ်ခုသည် လူမျိုးတစ်မျိုးတည်း၏ ပိုင်ဆိုင်မှုမဟုတ်ဘဲ ယင်းဒေသတွင် နေထိုင်ကြသည့် လူမျိုးအားလုံး၏ ပိုင်ဆိုင်မှုဖြစ်သည်ဟူသည့် သဘောထားကို အလေးထားကြရန်လိုပြီး ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူကြရန်လိုကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်ကိုစိတ်ရင်းအမှန်ဖြင့် ငြိမ်းချမ်းမှုရရှိစေလိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို ကာကွယ်နေသည့် တပ်မတော်သာဖြစ်စေလိုကာ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအကိုများအချင်းချင်း တိုက်ခိုက်နေရသည့် တပ်မတော်မဖြစ်စေလိုကြောင်း။
လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့အားလုံး ညီညီညွတ်ညွတ်ဖြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် စုစည်းညီညွတ်သည့်အားဖြင့် ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန်အတွက် အကောင်းဆုံးအချိန်အခါကောင်းပင်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် ဆွေးနွေးဆောင်ရွက်ကြရာတွင် မိမိတို့ဖြစ်လိုသည့် စိတ်ဆန္ဒတစ်ခုတည်းကိုသာကြည့်၍ ဆောင်ရွက်နေမည့်အစား ပြည်ထောင်စုအကျိုးကိုကြည့်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးထားတိုက်တွန်းလိုပါကြောင်း။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးရယူပြီးပါက နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်လိုပါက ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ပါတီတည်ထောင်၍ ဆောင်ရွက်သွားရန်၊ စီးပွားရေးလုပ်ဆောင်လိုပါက ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်သည့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန်၊ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်လိုပါက တပ်မတော်နှင့်ပူးပေါင်း၍ နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် တာဝန်ထမ်းဆောင်ရန်နှင့် သာမန်အရပ်သားပြည်သူများကဲ့သို့ အေးချမ်းစွာဖြင့်နေထိုင်လိုပါကလည်း ဥပဒေအကာအကွယ်အောက်တွင် လုံခြုံစွာဖြင့် နေထိုင်သွားနိုင်သည်ကို မိမိအနေဖြင့် ယခင်ကတည်းက ပြောကြားပြီးဖြစ်ကြောင်း။
Post #212252
115