ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ သန်လျင်ရေနံချက်စက်ရုံ (အပိုင်း - ၁) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြား
နေပြည်တော် အောက်တိုဘာ ၁၄
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ သန်လျင်ရေနံချက်စက်ရုံ (အပိုင်း - ၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်မြို့ရှိ အဆိုပါစက်ရုံနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဒေါက်တာစိုးဝင်း၊ ဒေါက်တာ သက်သက်ဇင်၊ ဦးမင်းနောင်၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အငြိမ်းစားအရာရှိကြီးများနှင့် စက်ရုံမှူးတာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ Thanlyin Refinery Company နှင့် မိတ်ဖက်ကုမ္ပဏီများမှပညာရှင်များ၊ သန်လျင်ရေနံချက်စက်ရုံမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ရောက်ရှိလာရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူလေးများက ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် အခမ်းအနားကိုစတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူတို့က သန်လျင်ရေနံချက်စက်ရုံ(အပိုင်း-၁) ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက သန်လျင်ရေနံချက်စက်ရုံ ပင်မထိန်းချုပ်ခန်းဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် စက်ရုံပင်မထိန်းချုပ်ခန်းအတွင်းရှိ သန်လျင်ရေနံချက်စက်ရုံ(အပိုင်း-၁) ပုံစံငယ်နှင့် ယခင်သန်လျင်ရေနံချက်စက်ရုံ၏ ခေတ်အဆက်ဆက် မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတော်အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများအားကြည့်ရှုရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် သန်လျင်ရေနံချက်စက်ရုံ၊ ပင်မထိန်းချုပ်ခန်းအတွင်း စက်စတင်လည်ပတ်နိုင်ရန်အတွက် ကုန်ကြမ်းများစတင်ပို့လွှတ်မှုအား Digital နည်းပညာဖြင့် စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ပင်မထိန်းချုပ်ခန်းအတွင်း ကြည့်ရှုစစ်ဆေးကာ နိုင်ငံတော်သမ္မတက သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) စက်ရုံဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ယင်းနောက် သန်လျင်ရေနံချက်စက်ရုံအတွင်း ဘာဂီယာဉ်ငယ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စက်သုံးဆီများထုတ်လုပ်သည့် နည်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး သန်လျင်ရေနံချက်စက်ရုံ(အပိုင်း-၁) ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို ကျင်းပပြုလုပ်ရာ ဦးစွာနိုင်ငံတော်သမ္မတက သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) ဖွင့်ပွဲအခမ်းအနားကို Digital နည်းပညာအသုံးပြု၍ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတက သန်လျင်ရေနံချက်စက်ရုံ(အပိုင်း-၁) ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် စက်ရုံတစ်ရုံတည်ဆောက်ပြီးစီးမှုကို ဂုဏ်ပြုသည့် မှတ်တိုင်တစ်ခုသာမက နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ပြည်တွင်းထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သည့် စွမ်းအင်လုံခြုံမှုကိုတည်ဆောက်ရန်တို့အတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဝန်ကြီးဌာန၏ နှစ်(၄၀)ပြည့် ပတ္တမြားရတု အခမ်းအနားနှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အခမ်းအနားတို့ကို ကျင်းပနိုင်ခဲ့သကဲ့သို့ ယနေ့တွင်လည်း ရေနံချက်စက်ရုံသစ်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် ဝန်ကြီးဌာနအတွက် ဂုဏ်ယူဖွယ်ရာ မှတ်တိုင်တစ်ခု ဖြစ်ကြောင်း၊ ယခုအောင်မြင်မှုကိုအခြေခံပြီး နိုင်ငံတော်၏စွမ်းအင်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
Post #212060
361