နိုင်ငံတော်အဆင့် ရွှေတံဆိပ်ဆုများဆွတ်ခူးပြီး ရခိုင်ပြည်နယ်၏ဂုဏ်ဆောင်နိုင်မည့် ထူးချွန်သော အနုပညာသမားများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရမည်
စစ်တွေ အောက်တိုဘာ ၁၄
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ကျင်းပသည်။
ဦးစွာ ရခိုင်တိုင်းရင်းသားရိုးရာအကအဖွဲ့မှ “လှပေါင်းစုံညီ ရခိုင်မြီ” သီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နိုင်ငံတော်မှ ဦးဆောင်ပြီး အမျိုးသားယဉ်ကျေးမှုတိုးတက်မြင့်မားရေး ဦးတည်ချက်ဖြင့် နှစ်စဉ်ခမ်းနားသိုက်မြိုက်စွာကျင်းပခဲ့သည်မှာ (၂၇)ကြိမ်တိုင်ရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ်တွင် နိုင်ငံတော်သမ္မတက “ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အရည်အချင်းရှိသည့် အနုပညာရှင်များ တတ်နိုင်သမျှပါစေလိုသည်” လမ်းညွှန်ချက်အတိုင်း ရခိုင်ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များသည် အနိုင်အရှုံးကိုဦးစားပေးယှဉ်ပြိုင်ခြင်း မဟုတ်ပဲမျိုးဆက်သစ်အနုပညာရှင်များဖော်ထုတ်ပေးနိုင်ရန်၊ ရိုးရာအနုပညာရပ်များ ရှင်သန်ဖွံ့ဖြိုးစေရန်၊ အမျိုးသားယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်များတိုးပွားစေရန် ဦးတည်ပြီး ပြိုင်ပွဲ၏ ကောင်းမွန်သောအတွေ့အကြုံများကိုအခြေခံ၍ ပိုမိုစနစ်ကျနစွာဖြင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းတိကျစွာလိုက်နာရန် ပြိုင်ပွဲဝင်များကလည်း အရည်အသွေးရှိရှိဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး တာဝန်ယူထားရသည့် အုပ်ချုပ်သူတာဝန်ရှိသူများကလည်း မိမိတို့၏တာဝန်များကို စေတနာအပြည့် တာဝန်ယူမှုအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြစေရန်မှာကြားလိုကြောင်း၊ ပြိုင်ပွဲဝင်များကလည်း တစ်ဦးချင်းစည်းကမ်းရှိစွာဖြင့် ကျန်းမာရေးကို အထူးဂရုပြုပြီး စောင့်ရှောက်ပေးကြစေလိုကြောင်း၊ ရခိုင်ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များသည် နိုင်ငံတော်အဆင့် နေပြည်တော်သို့ သွားရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်သည့်အတွက် နိုင်ငံတော်အဆင့်မှာ ရွှေတံဆိပ်ဆုများဆွတ်ခူးနိုင်ပြီး ပြည်နယ်၏ဂုဏ်ဆောင်နိုင်မည့် ထူးချွန်သော အနုပညာသမားများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)သို့ ပါဝင်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်များမှ ဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအတွက် အောင်နိုင်ရေအလံပေးအပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လက်ခံ ရယူသည်။ ထို့နောက် ရခိုင်ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များမှ “မဟာနွယ်” သီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပါဝင်ယှဉ်ပြိုင်မည့် အကအဖွဲ့နှင့် တစ်ဦးချင်းပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ်အတွင်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေလာနိုင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရာသီဥတုဖြစ်စဉ် ပြောင်းလဲမှုနှင့်အတူ ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် အယ်လ်နီညိုဖြစ်စဉ်၏အကျိုးဆက်များကို ကြိုတင်မှန်းဆပြီး စိုက်ပျိုးရေးကဏ္ဍ၊ သောက်သုံးရေးလုံလောက်စွာရရှိရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများကို အထိခိုက်နည်းနိုင်သမျှနည်းအောင် ကြိုတင်ပြင်ဆင်ညှိနှိုင်းဆောင်ရွက်ရန် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်းများအား ဖွင့်လှစ်နိုင်ရေးကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်သည် သဘာဝတရား၏ စိန်ခေါ်မှုတစ်ခုဖြစ်သကဲ့သို့ မိမိတို့အားလုံး၏ ကြိုတင်စီမံမှု၊ စနစ်တကျပြင်ဆင်မှုနှင့် အဓိကအားဖြင့် ဌာနပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု အားကောင်းမည်ဆိုပါက ပြည်သူများ ကြုံတွေ့ရမည့်ဒုက္ခနှင့် ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ကြိုတင်စီမံရမည့်ကိစ္စရပ်များ၊ အရေးပေါ်ဆောင်ရွက်ရမည့်အစီအမံများကို အခိုင်အမာရေးဆွဲပြီး စီမံချက်ပါအတိုင်း တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
Post #212029
216