ပြည်တွင်း၌ စက်သုံးဆီထုတ်လုပ်မှု တိုးမြှင့်ရခြင်းသည်ပြည်ပက တင်သွင်းမှုကို အစားထိုးနိုင်ရန် တစ်ခုတည်းအတွက်မဟုတ်ကြောင်း၊ နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ရန် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍများအတွက် လိုအပ်သည့်စွမ်းအင်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် နိုင်ငံတော်အတွက် ရေရှည်တည်တံ့သည့် စီးပွားရေးအကျိုးအမြတ်များ ရရှိစေရန်လည်းဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါရည်မှန်းချက်များ အမှန်တကယ်အောင်မြင်ရန်အတွက် ကုန်ကြမ်းဝယ်ယူမှုမှစတင်ပြီး ရေနံချက်လုပ်မှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးမှုအထိ အဆင့်ဆင့်တိုင်းတွင် ကုန်ကျစရိတ်များကို ခြုံငုံသုံးသပ်ပြီး ထိရောက်စွာစီမံခန့်ခွဲသွားကြရန်လိုအပ်ကြောင်း။
စွမ်းအင်လုံခြုံမှုရှိစေရန် ပြည်ပက စွမ်းအင်နှင့်ကုန်ကြမ်းများကို အလွန်အမင်းမှီခိုနေရခြင်းကို လျှော့ချရန်လိုအပ်ကြောင်း၊ ထို့အပြင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို သင့်လျော်သလို ပေါင်းစပ်အသုံးပြုရန်၊ စွမ်းအင်သိုလှောင်နိုင်မှုနှင့် အရေးပေါ်အခြေအနေများတွင် ထိရောက်စွာတုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ရန်လည်း လိုအပ်ကြောင်း၊ တစ်ချိန်တည်း၌ပင် စွမ်းအင်ကို အလေအလွင့်မရှိဘဲ ထိရောက်စွာအသုံးပြုနိုင်ရေးကိုလည်း ဟန်ချက်ညီညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ကမ္ဘာ့စွမ်းအင်ကဏ္ဍကို လေ့လာကြည့်မည်ဆိုပါက နည်းပညာနှင့် ဈေးကွက်အခြေအနေများသည် အလျင်အမြန်ပြောင်းလဲတိုးတက်လျက်ရှိနေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လက်ရှိစွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ရေရှည်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ခုစလုံးကို ဟန်ချက်ညီညီ စဉ်းစားဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဲ့သို့ စွမ်းအင်အရင်းအမြစ်များကိုလည်း ထိရောက်စွာအသုံးချသွားရမည်ဖြစ်သကဲ့သို့ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုရေး၊ စွမ်းအင်ချွေတာရေးနှင့် နည်းပညာအသစ်များ ဖော်ထုတ်အသုံးချရေးတို့ကိုလည်း တစ်ပြိုင်နက်တည်း အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
ထို့အပြင် ခေတ်မီရေနံချက်စက်ရုံတစ်ရုံ ရေရှည်အောင်မြင်ရန်အတွက် စက်ပစ္စည်းနှင့်နည်းပညာများ ခေတ်မီရုံဖြင့် မလုံလောက်ဘဲ အဆိုပါနည်းပညာများကို ထိထိရောက်ရောက် အသုံးချနိုင်သည့် ပြည်တွင်းပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများရှိရန်လည်း လိုအပ်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
အလားတူ ဒစ်ဂျစ်တယ်စနစ်များ၊ အလိုအလျောက်ထိန်းချုပ်မှုစနစ်များနှင့် ဉာဏ်ရည်တု(AI) နည်းပညာများကိုလည်း လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသည့်နေရာများတွင် အသုံးချသွားရန်လိုအပ်ကြောင်း၊ အထူးသဖြင့်စက်ပစ္စည်းများ မချို့ယွင်းမီ ကြိုတင်ခန့်မှန်းနိုင်ရန်၊ စွမ်းအင်ကို ထိရောက်စွာအသုံးပြုနိုင်ရန်၊ ထုတ်လုပ်မှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်ရန်နှင့် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်ဖော်ထုတ်နိုင်ရန် နည်းပညာများကို လက်တွေ့အကျိုးရလဒ်ရရှိအောင် အသုံးချသွားကြရမည်ဖြစ်ကြောင်း။
တစ်ချိန်တည်း၌ပင် ရေနံချက်လုပ်ငန်းသည် ဘေးအန္တရာယ်ဖြစ်နိုင်ခြေမြင့်မားသည့် စက်မှုလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထူးအလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စက်ရုံလည်ပတ်မှုအဆင့်တိုင်း၌ အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်စိစစ်ရန်၊ မီးဘေးနှင့်အရေးပေါ်အခြေအနေများအတွက် အသင့်ပြင်ဆင်ထားရန်၊ စက်ပစ္စည်းများကို ပုံမှန်စစ်ဆေးထိန်းသိမ်းရန်နှင့် ရေဆိုး၊ လေထုညစ်ညမ်းမှုများကို ထိန်းချုပ်ရန် စနစ်တကျဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယင်းတို့သည် လုပ်ငန်းကို ရေရှည်တည်တံ့ပြီး ဘေးကင်းလုံခြုံစွာ လည်ပတ်နိုင်ရန် မဖြစ်မနေလိုအပ်သည့် အခြေခံအချက်များဖြစ်ကြောင်း။
ထုတ်လုပ်မှုရည်မှန်းချက်များပြည့်မီအောင် ဆောင်ရွက်ရာတွင်လည်း ဘေးကင်းလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစံနှုန်းများကို အလျှော့ပေး၍မရကြောင်း၊ ထို့ကြောင့် ဝန်ထမ်းတစ်ဦးချင်းစီအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို တိတိကျကျလိုက်နာကြရန်လိုအပ်ကြောင်း၊ ထို့အပြင်အန္တရာယ်ဖြစ်နိုင်သည့် အခြေအနေများကိုလည်း အချိန်မီသတင်းပို့တင်ပြနိုင်သည့် လုပ်ငန်းခွင်ယဉ်ကျေးမှုတစ်ရပ်ကို အားလုံးဝိုင်းဝန်း တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း။
ယနေ့ဖွင့်လှစ်လိုက်သည့် ရေနံချက်စက်ရုံသစ်သည် ပြည်တွင်းရေနံချက်လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ ယင်းအောင်မြင်မှုကိုအခြေခံပြီး နောက်ဆက်တွဲစီမံကိန်းများကိုလည်း သတ်မှတ်ချိန်အတွင်းပြီးစီးရေး၊ အရည်အသွေးပြည့်မီရေးနှင့် စီးပွားရေးအရ အကျိုးရှိစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
Post #212062
199