ဆက်လက်၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေ စာရင်းစိစစ်ပြီးစီးမှုအခြေအနေ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေ စိစစ်ပြီးစီးမှုအခြေအနေ၊ ပြည်ထောင်စု၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မူလခန့်မှန်းခြေငွေစာရင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း၊ နိုင်ငံပိုင်နိုင်ငံ ခြားငွေအခြေအနေနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း တို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦးက ပြည်နယ်များ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့် ပြုငွေတောင်းခံမှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲ ဝေသုံးစွဲရေး ဥပဒေကြမ်းကို ထောက်ခံမှုအခြေအနေနှင့်ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်း များနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်အရ အနာဂတ်ကာလတွင် ဆောင်ရွက်သင့်သည့် အချက်များကိုလည်းကောင်း အကြံပြုဆွေးနွေးတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီး ချုပ်များက တင်ပြကြသည်။
တင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက ရငွေအပိုင်းတွင် နိုင်ငံတော်မှ အခွန်အခများ ပိုမိုရရှိစေရေးအတွက်အခွန်ငွေကို တိုးမြှင့်ကောက်ခံခြင်းထက် အမှန်တကယ် ကောက်ခံရရှိရမည့် အခွန်ငွေများကို အပြည့်အဝမှန်မှန်ကန်ကန် ကောက်ခံရရှိနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ စီစစ်ဆောင်ရွက် ကောက်ခံသွားကြရန်လိုကြောင်း၊ သို့မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအတွက် လိုအပ်သည့်ဘဏ္ဍာငွေများကို အပြည့်အဝရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ရငွေများပိုမိုတိုးတက်ရရှိစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ မိမိတို့ ဒေသအလိုက် ဒေသ၏အားသာချက်များကို အသုံးချ၍ ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ ဖြိုးအောင်လည်း အစွမ်းကုန်ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ဘဏ္ဍာငွေများ သုံးစွဲရာတွင်လည်း နိုင်ငံတော်အတွက် အမှန်တကယ် အကျိုးရှိသည့် သုံးစွဲမှုများဖြစ်စေရေးနှင့် မကုန်သင့်သည်နေရာများတွင် အပိုသုံးစွဲမှု မဖြစ်စေရေး စနစ်တကျ စိစစ်သုံးစွဲသွားကြရန် လိုကြောင်းဖြည့်စွက်ပြောကြားသည်။
ဆက်လက်၍ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယနေ့ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု စာရင်း၊ ပြည်ထောင်စုမှတိုင်းဒေသကြီးနှင့် ပြည်နယ်များကို ထောက်ပံ့ပေးရ မည့်ငွေ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုပြီးဖြစ်ကြောင်း၊ ဆွေးနွေး အတည်ပြုထားသည့်အတိုင်း ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်နှင့်အတူ ပြည်ထောင်စု အစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် နိုင်ငံသားများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေး အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုစီးပွားကဏ္ဍများကို ဟန်ချက်ညီညီ ပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန် အစားထိုးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်း၊ Agro-based Industries များနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်မှာကြားလိုကြောင်း။
မြန်မာနိုင်ငံအတွက် လယ်ယာကဏ္ဍသည် စားရေရိက္ခာဖူလုံရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြေခံအကျဆုံးကဏ္ဍဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးလာပြီး အလုပ်အကိုင်နှင့် ပြည်သူ့ဝင်ငွေတိုးတက်လာကာ GDP မြင့်မားလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍ မြှင့်တင်ရေးသည် နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် အရေးကြီးသည့် ပထမခြေလှမ်းဖြစ်ကြောင်း။
Post #210835
308
- ❤ 2