ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား
နေပြည်တော် အောက်တိုဘာ ၅
ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယသမ္မတ ဦးညိုစော နှင့် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ သီးခြားဖိတ်ကြား ထားသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးသည် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက် ခွင့်ပြုငွေတောင်းခံမှုများကို ဘဏ္ဍာရေးကော်မရှင်က အတည်ပြုပေးရန်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို အတည်ပြုပြီး ပြည်ထောင်စုလွှတ်တော်သို့ပေးပို့နိုင်ရေး ဆွေးနွေးဆုံးဖြတ်ကြရန် ဖြစ်ကြောင်း။
ဖြည့်စွက်ခွင့်ပြုငွေဆိုသည်မှာ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ စီမံကိန်းများအတွက် အသုံးစရိတ်များကို ကျခံသုံးစွဲနိုင်ရန် မူလခွင့်ပြုငွေဖြင့် မလုံလောက်ခြင်း၊ မူလခွင့်ပြုငွေအတွင်း ရန်ပုံငွေ လွှဲပြောင်း သုံးစွဲရန်မဖြစ်နိုင်ခြင်း၊ “အထွေထွေပိုလျှံရန်ပုံငွေ” (GRF) မှ လွှဲပြောင်းကျခံ သုံးစွဲရန် မဖြစ်နိုင်ခြင်း စသည့်အခြေအနေများကြောင့် အသားတင်ထပ်မံလိုအပ်လာသည့်ငွေ ကိုသာ ဖြည့်စွက်ခွင့်ပြုငွေအဖြစ် စိစစ်ခွင့်ပြုခြင်းဖြစ်ကြောင်း။
ထို့ကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ထပ်မံလိုအပ်လာသည့် ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး အသုံးစရိတ်များ၊ ပြည်ပအကူအညီ၊ ချေးယူရငွေများနှင့် ဆက်နွှယ်သည့် အသုံးစရိတ်များ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ဥပဒေတွင်ပါဝင်ပြီး ရန်ပုံငွေမလုံလောက်သည့် ကိစ္စရပ်များ၊ နိုင်ငံတော်မူဝါဒ၊ လမ်းညွှန်ချက်အရ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းသစ်များနှင့် လုပ်ငန်း သစ်များအတွက် အသုံးစရိတ်များကို အဓိကထားပြီး ဖြည့်စွက် ခွင့်ပြုငွေတောင်းခံ ထားသည်ကို တွေ့ရကြောင်း။
ဖြည့်စွက်ခွင့်ပြုငွေကို ပြည်ထောင်စုလွှတ်တော်က နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံး စွဲရေးဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းပြီးမှသာ သုံးစွဲနိုင်မည်ဖြစ်ပြီး ဖြည့်စွက် ခွင့်ပြုငွေ သုံးစွဲနိုင်မည့်ကာလမှာလည်း (၄)လ ခန့်သာရှိသည့်အတွက် ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် အလေးထားမှာကြားလိုကြောင်း။
နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသောနိုင်ငံဖြစ်သည့်အတွက် လယ်ယာထွက်ကုန်မှ တန်ဖိုးမြှင့်ထုတ်ကုန်၊ MSME လုပ်ငန်းများမှ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်စျေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ပြီး နိုင်ငံ့ထုတ်ကုန် တိုးတက်လာစေရေးအတွက် “လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုး တက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သည့်လက ကျင်းပခဲ့ကြောင်း၊ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲမှထွက်ပေါ်လာသည့် အကြံပြုချက်၊ မဟာဗျူဟာလုပ်ငန်း စဉ်များနှင့် လုပ်ငန်းစီမံချက်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် မူဝါဒနှင့် Action Plan များအဖြစ်ပြောင်းလဲပြီး Agro-based Industries ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်လည်း ဖြစ်ကြောင်း။
“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆိုသည့်အတိုင်း စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၏ စျေးကွက်လိုအပ်ချက်ကို ပြည့်မီအောင် တင်ပို့နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း။
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် လူသားအရင်းအမြစ်သည် အဓိကအကျဆုံးဖြစ်သည့်အတွက် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာကဏ္ဍမှာလည်း KG+9 အဆင့်ထိ အားလုံး သင်ယူနိုင်ကြရန် မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိကြောင်း။
Post #210833
339
- ❤ 2
- 👍 1