တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ထားဝယ်ရိုးရာယဉ်ကျေးမှုသပိတ်မျှောပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
ထားဝယ် အောက်တိုဘာ ၁၀
၂၀၂၆ ခုနှစ် ထားဝယ်ရိုးရာယဉ်ကျေးမှုသပိတ်မျှောပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ထားဝယ်ရိုးရာယဉ်ကျေးမှုသပိတ်မျှောပွဲအောင်မြင်စွာကျင်းပရေးဦးစီးကော်မတီ နာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ထားဝယ်ဒေသ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်နိုင်ရေး၊ ဒေသခံမိဘပြည်သူများစုပေါင်းပါဝင်နိုင်ရေး၊ ရိုးရာ အစဉ်အလာကောင်းများ ပိုမိုရှင်သန်တိုးတက်စေရေး၊ ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်စေရေး၊ ပွဲတော်ကိုစနစ်တကျစည်းကမ်းရှိပြီး လုံခြုံစွာကျင်းပနိုင်ရေးအတွက် အရေးကြီးသော အစည်းအဝေး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ အနုပညာနှင့်လူမှုဘဝအစဉ်အလာများပေါင်းစပ်တည်ရှိသောနိုင်ငံဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် နေထိုင်ကြသော လူမျိုးများသည် မိမိတို့၏ဒေသအလိုက် ထူးခြားသော ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကိုယ်စီရှိကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင်လည်း ထားဝယ်၊ မြိတ်၊ ကော့သောင်းဒေသများတွင် နေထိုင်ကြသော လူမျိုးများအလိုက် ထူးခြားကွဲပြားသော ရိုးရာယဉ်ကျေးမှုဓလေ့များ၊ အနုပညာများ၊ ဘာသာစကားများ၊ ရိုးရာအစားအစာများ၊ ဝတ်စားဆင်ယင်မှု များနှင့် ပွဲတော်အစဉ်အလာများလည်းရှိကြောင်း၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များသည် မိမိတို့၏ သမိုင်းကြောင်း၊ လူမှုဘဝနှင့် အမျိုးသားရေး စရိုက်လက္ခဏာများကို ဖော်ပြပေးနေခြင်းဖြစ်ကြောင်း၊ ရိုးရာပွဲတော်များကို ကျင်းပခြင်းသည် ပျော်ပွဲ ရွှင်ပွဲများကိုသာ ကျင်းပဆောင်ရွက်ခြင်းမဟုတ်ဘဲ ယဉ်ကျေးမှုအမွေအနှစ်များကို မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်းပေးသော အမွေအနှစ် တစ်ရပ်ဖြစ်ကြောင်း၊ ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်သည်လည်း ထားဝယ်ဒေသ၏ ရိုးရာဓလေ့ထုံးတမ်းနှင့်လူမှုအသိုက်အဝန်း စည်းလုံးညီညွတ်မှုကို ဖော်ပြပေးနိုင်သော အရေးပါသည့် ရိုးရာပွဲတော်တစ်ရပ်ဖြစ်ပြီး အစဉ်အလာမပျက်ထိန်းသိမ်းကျင်းပနိုင်ရေးကို အလေးထား ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ပွဲတော်ကျင်းပရာတွင်လည်း ပွဲတော်၏ မူလရည်ရွယ်ချက် ရိုး ရာဓလေ့ထုံးတမ်းနှင့်ယဉ်ကျေးမှုဆိုင်ရာ အနှစ်သာရများ မပျောက်ပျက်စေရေးသည် အရေးကြီးကြောင်း၊ ယနေ့ခေတ်လူငယ်များအနေဖြင့် မိမိတို့ဒေသရိုးရာယဉ်ကျေးမှုအကြောင်းကို ပိုမိုသိရှိနားလည် လာစေရန်၊ ရိုးရာကပွဲတော်များကို တက်ကြွစွာပါဝင်လာစေရန်နှင့်ရိုးရာအမွေအနှစ်များကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်လိုစိတ်ဖြစ်ပေါ်လာစေရန်၊ အသိပညာပေးလုပ်ငန်းများကို လည်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ သပိတ်မျှောပွဲတော်ကိုအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့်ဒေသခံပြည်သူများအကြား ရိုင်း ပင်းကူညီပြီးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ရိုးရာပွဲတော်များသည် ယဉ်ကျေးမှုထိန်းသိမ်းရေးအပြင် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများဖန်တီးပေးနိုင် ကြောင်း၊ အထူးသဖြင့် MSME လုပ်ငန်းရှင်များ၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်နိုင်ရေးကို အားပေးကြရန်လိုအပ်ကြောင်း၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် ဒေသထွက်အစားစာ၊ လက်မှုပညာ ၊သဘာဝအလှအပများကို ပေါင်းစပ်ဖော်ဆောင်နိုင်မည်ဆိုပါက အနာဂတ်တွင် ယဉ်ကျေးမှု အခြေပြု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုနိုင်ကြောင်း၊ ပွဲတော်၏ရိုးရာ ယဉ်ကျေးမှုတန်ဖိုး၊ ဒေသ၏ထူးခြားချက်များနှင့်သမိုင်းမှတ်တမ်းများကိုဖော်ပြနိုင်ရန် သတင်း မီဒီယာများနှင့်ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထားဝယ်ရိုးရာယဉ်ကျေးမှု သပိတ်မျှောပွဲ၏ နောက်ခံသမိုင်းကြောင်းနှင့် မွန်မြတ်သောအစဉ်အလာများကို ပြည်တွင်းပြည်ပခရီးသွားများနှင့် မျိုးဆက်သစ်လူငယ်များကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးသတင်းအချက်အလက်များ ထုတ်ပြန်ခြင်း၊ စနစ်တကျမှတ်တမ်းတင်ရိုက်ကူးထုတ်လွှင့်ခြင်းကို သမားရိုးကျမဟုတ်ဘဲပြည်သူအများ စိတ်ဝင်စား အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ၊ထားဝယ်ရိုးရာဓလေ့များ၊ ပွဲတော်အစဉ်အလာများနှင့် ယဉ်ကျေးမှုတန်ဖိုးများသည် နောက်လာမည့် မျိုးဆက်သစ်များအတွက် တန်ဖိုးမဖြတ်နိုင်သော အမွေ အနှစ်အဖြစ်ကျန်ရှိနေမည်ဖြစ်ကြောင်း ပြောကြားသည်၊
Post #211467
343
- 👍 1