ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မလေးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲနှင့် သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်
နေပြည်တော် အောက်တိုဘာ ၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် မလေးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ မလေးရှားဝန်ကြီးချုပ်ရုံး၌ ကျင်းပပြုလုပ်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၊ မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် တို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးမင်းနောင်၊ ဦးမြင့်ကြိုင်၊ ဦးမောင်မြင့်၊ ဦးထွန်းအုံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကျော်မိုး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ညီညီဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မလေးရှားနိုင်ငံအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးစဉ် မလေးရှားနိုင်ငံဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များအား လှိုက်လှဲနွေးထွေးစွာဖြင့်ကြိုဆိုပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ကာလရှည်ကြာသည့် ကောင်းမွန်သည့် ဆက်ဆံရေးသမိုင်းကြောင်းများ ရှိခဲ့ကြသည့်နိုင်ငံများ ဖြစ်ကြပါကြောင်း၊ နောက်ပိုင်းတွင် ဆက်ဆံရေးအားဖြင့် အနည်းငယ် အလှမ်းကွာဝေးခဲ့သည်ဟုဆိုသော်လည်း မိမိတို့နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများကဲ့သို့ အရေးကြီးသည့် မိတ်ဆွေနိုင်ငံများဖြစ်ကြပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအတွက်လည်း အရေးကြီးသည့်နိုင်ငံဖြစ်ပြီး မိမိတို့အနေဖြင့် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကောင်းများ ထားရှိရေးကို အမြဲအလေးထားပါကြောင်း။
မိမိတို့နှစ်ဦးသည် ထိုင်းနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့တွင် တွေ့ဆုံခဲ့ဖူးကြပြီး ထိတွေ့ဆက်ဆံမှုသည် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲပါစေကြောင်း၊ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရေးနှင့် ထိတွေ့ဆက်ဆံမှုများနှင့် နှစ်နိုင်ငံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး မိမိ၏ဖိတ်ကြားမှုကို လက်ခံပေးခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း။
မလေးရှားနိုင်ငံသို့ ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဒုက္ခများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးတို့ကို အလေးထားပူးပေါင်း ဆောင်ရွက်ပေးခဲ့မှုများအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်းဖြင့် ဦးစွာဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် မိမိဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကွာလာလမ်ပူမြို့သို့ ရောက်ရှိချိန်တွင် နွေးထွေးလှိုက်လှဲစွာ ကြိုဆိုမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုခရီးစဉ်သည် မိမိအနေဖြင့် နိုင်ငံတော်သမ္မတတာဝန်ယူပြီးနောက် အာဆီယံနိုင်ငံများသို့ သွားရောက်သည့် ပဉ္စမမြောက်ခရီး စဉ်ဖြစ်ပြီးအဆွေတော်နှင့် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း။
မိမိ၏ ယခုမလေးရှားနိုင်ငံခရီးစဉ်အတွင်း ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စနစ်တကျရှိသည့် ကွာလာလမ်ပူမြို့၏ သာယာလှပမှုနှင့်တက်ကြွလှုပ်ရှားမှုများကို ကိုယ်တိုင်တွေ့မြင်ခွင့်ရပြီး နောက်ဆုံးတစ်ကြိမ်ရောက်ရှိစဉ်ကထက် သိသာသည့်ပြောင်းလဲတိုးတက်မှုများကိုလည်း တွေ့မြင်ရပါကြောင်း၊ မလေးရှားနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ချီးကျူးပါကြောင်း။
Post #211326
86